နိုင်ငံရေးလောကတွင် အချောင်သမားတို့ နေရာလိုချင်သောအခါ ခေါင်းဆောင်ကို သတ်ရသကဲ့သို့ ဘာသာရေးလောကတွင်လည်း နေရာလိုချင်သောအခါ ဘာသာရေးခေါင်းဆောင်ကို သတ်ရပေသည်။ ဗုဒ္ဓကို လုပ်ကြံသတ်ဖြတ်သော ဒေ၀ဒတ်ကို သတိရလိုက်ပါ။ ဗုဒ္ဓမရှိတော့သည့်နောက် ဗုဒ္ဓဘာသာ၏ ဘာသာရေးခေါင်းဆောင်များမှာ သံဃာတော်အရှင်မြတ်များပင်ဖြစ်သည်။ ယခုသံဃာတော်တို့၏ နေရာကို ဘာသာရေးအချောင်သမား ပေါ်လာခဲ့လေပြီ။ သူကား သူရဿတီနတ်သမီး။
ဗုဒ္ဓဟောကြားတော်မူသည့် ပိဋကတ်တရားတော်များကို သံဃာတော်များက ပထမသင်္ဂါယနာမှ ဆဋ္ဌသင်္ဂါယနာတိုင်အောင် ဆင်းရဲမျိုးစုံကြားမှ မပျောက်မပျက်အောင် စောင့်ရှောက်ထိန်းသိမ်းခဲ့ကြသည်။ ယခုလည်း စောင့်ရှောက်ထိန်းသိမ်းဆဲ နောင်လည်း စောင့်ရှောက်ထိန်းသိမ်းနေမည်သာဖြစ်သည်။ ယခုတော့ အသက်အသေခံ ရွတ်အံသရဇ္ဈာယ်ပြီး ပိဋိကတ်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သော သံဃာတော်များ မျက်နှာကိုမှမထောက်ဘဲ ပိဋကတ်သုံးပုံ သူရဿတီစောင့်သည်ဆိုကာ စိတ်ကူးယဉ်လောကမှ ဟိန္ဒူနတ်သမီးရုပ်ကို ဘုရားရုပ်ပွားတော်ရှေ့တည့်တည့်မှာ လာထားကြသည်။ အထားခံသည့် ဂေါပကကလည်း အထားခံကြသည်။ ဘုရားမျက်နှာ၊ သံဃာတော်မျက်နှာထက် ငွေမျက်နှာကို ကြည့်ကြဟန်တူသည်။
အိန္ဒိယနိုင်ငံ၌ သူရသွတီအမည်ရှိသော မြစ်ကလေးတစ်စင်းရှိသည်။ နွေအခါတွင် သောင်များပေါ်သောအခါ ထိုသောင်များပေါ်တွင် ကုလားများက သီးပင်စားပင်များ စိုက်ကြရာ အလွန်ဖြစ်ထွန်းသည်။ ဒါလောက်ဖြစ်ထွန်းရင် ဒီမြစ်ကို စောင့်တဲ့နတ်က မ,တာဖြစ်မယ်ဟူသော စိတ်ကူးယဉ်အတွေးပေါ်လာကြသည်။ သာယာညင်းပျောင်းစွာ စီးဆင်းသောမြစ်ရေကို ကြည့်၍ နတ်သမီးသာ ဖြစ်ရမည်ဟု ဆုံးဖြတ်ကြကာ မြစ်ကမ်းနားတွင် နတ်သမီးရုပ်တစ်ရုပ်ထုလုပ်ပြီး ကိုးကွယ်ကြလေတော့သည်။
နောင်တဖြည်းဖြည်း နယ်ကျယ်လာရာမှ ဗေဒင်သုံးပုံကို သူရဿတီလာက်ထဲ ထည့်ပေးလိုက်သောအခါ သူရဿတီသည် ဟိန္ဒူဘာသာဝင်အားလုံးတို့၏ အထွတ်အမြတ်ထားရာ နတ်သမီးအဖြစ်သို့ ရောက်သွားတော့သည်။ ထိုမှတစ်ဆင့် မြန်မာနိုင်ငံသို့ ၀င်လာသောအခါ ဘာသာရေးလုပ်ကြံလိုသူ တစ်စုက ဗေဒင်သုံးပုံ စောင့်တာဆိုလျှင် ဗုဒ္ဓဘာသာများက အလေးထားကိုးကွယ်မည်မဟုတ်။ သို့အတွက် ဗုဒ္ဓဘာသာများက အလေးထားကိုးကွယ်ကြစေရန် ဗေဒင်သုံးပုံအစား ပိဋကတ်သုံးပုံစောင့်သည်ဟုဆိုကာ သူရဿတီလက်ထဲသို့ ဗုဒ္ဓဘာသာ၏တရားရတနာ ပိဋကတ်သုံးပုံကို ထည့်ပေးလိုက်ကြပါတော့သည်။
သို့သော် မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာအများစုကား သံဃာရတနာကို စော်ကားသော ဘာသာရေးလုပ်ကြံမှုဟူ၍ မသိရုံသာမက ခေါင်းရင်းခန်းတင်၍ ကိုးကွယ်ပင်ထားလိုက်ကြသေးသည်။ သူရဿတီကား ထေရ၀ါဒဗုဒ္ဓကျမ်းဂန်များတွင် လုံးဝမပါသော ဘာသာရေးလုပ်ကြံမှု စစ်စစ်သာဖြစ်သည်။ ဥုံ ပိဋကတ္တယသမ္ပုဏ္ဏံ စသော သရဿတီဂါထာမှာလည်း ပါဠိဘာသာတတ် တစ်ယောက်ယောက်က တီထွင်ရေးသားချက်သာဖြစ်သည်။ တကယ် ပိဋကတ်သုံးပုံကိုစောင့်သော နတ်သားနတ်သမီးတို့ကို တွေ့လိုပါက မြန်မာပြည်အရပ်ရပ်ရှိ ရဟန်း၊ သီလရှင်၊ စာသင်တိုက်ကြီးများသို့ သွားရောက်ဖူးမြော်နိုင်ကြောင်း အကြံပေးရပါသည်။ ...
0 comments:
Post a Comment